Skip to main content

အာဇာနည်နေ့အကြောင်း သိကောင်းစရာ


၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု သက်မှတ်ပြီး ယနေ့ထက်တိုင် အောက်မေ့ သတိရကာ အမှတ်တရ ကျင်းပလျက်ရှိသည်။

အာဇာနည်နေ့
အဖြစ်အပျက်မှာ Flag of Myanmar.svg မြန်မာနိုင်ငံ
အမျိုးအစား နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့
နေ့စွဲ ဇူလိုင်လ၊ ၁၉ ရက်နေ့၊ ၁၉၄၇ ခုနှစ်
အဖြစ်အပျက်များ
၁၉၄၇ ခုနှစ်၊ မြန်မာစံတော်ချိန် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံး၌ အစည်းဝေးပွဲကျင်းပနေချိန်ဖြစ်သည်။ အင်္ဂလိပ်ခေတ် မြို့စောင့်တပ်အမှတ် (၁၂) သေနတ်ကိုင်တပ်ရင်း၏ အမှတ်တံဆိပ်ကို တပ်ဆင်ထားသော စစ်ယူနီဖောင်းအပြည့်စုံဝတ်ဆင်ထားသော လူတစ်စုသည် ၎င်းဝန်ကြီးများရုံးအတွင်း ဝင်ရောက်၍ ဗမာ့လွတ်လပ်ရေးခေါင်းဆောင်အချို့အား ပစ်ခတ်လုပ်ကြံခဲ့ကြသည်။ [၁]၎င်းနိုင်ငံတော်လုပ်ကြီးမှုကြီးအား အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုမှ ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး ၎င်းအဖွဲ့အား ခေါင်းဆောင် ကြိုးကိုင်ထားသူအဖြစ် ဂဠုန်ဦးစောအား စွပ်စွဲခဲ့ကြသည်။ ထို့နောက်ဦးစောနှင့် အပေါင်းအပါများအား ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီးဘူးတို့ ပါဝင်သော အထူးခုံရုံးမှ အချိန်ယူ စစ်ဆေးပြီး ပြစ်မှုထင်ရှားသဖြင့် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သေဒဏ်စီရင်ချက် ချမှတ်ခဲ့လေသည်။

တရားခံများက အဆင့်ဆင့်အယူခံ ဝင်ခဲ့သည်။ နောက်ဆုံး အယူခံလွှာကို ၁၉၄၈ ခု၊ ဧပြီလ (၂၇ ) ရက်နေ့တွင် တရားလွှတ်တော်ချုပ်မှ ပယ်ချလိုက်သည်။ ထို့နောက် သမ္မတထံ သနားခံလွှာ တင်သွင်းခဲ့ပြန်ရာ ခင်မောင်ရင်၊ သုခနှင့် မောင်နီတို့အပေါ်တွင် ချမှတ်ထားသော သေဒဏ်အမိန့်ကို ပယ်ဖျက်ပြီး တစ်သက်တစ်ကျွန်း ထောင်ဒဏ်သို့ လွှဲပြောင်းပေးခဲ့သည်။ ကျန်တရားခံများဖြစ်သော ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်စိုးနှင့် မှုန်ကြီးတို့အား အင်းစိန်အကျဉ်းထောင်တွင် လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန်အကျဉ်းထောင် (ယခု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံနေရာ)တွင်လည်းကောင်း၊ ၁၉၄၈ ခု၊ မေလ (၈) ရက်နေ့ အရုဏ်တက်ချိန် (၅)နာရီခွဲတွင် တစ်ချိန်တည်း ကြိုးဒဏ် စီရင်ခဲ့လေသည်။ တရားလွှတ်တော်ချုပ်နှင့် အထူးခုံရုံးမှ အတိုက်အခံများ၏ အယူခံများအားလုံးသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြခဲ့သည်။ အတိုက်အခံတို့၏ အယူခံအား ဒေါက်တာမောင်မောင်ရေးသားသည့် "နိုင်ငံတော်လုပ်ကြံမှု"တွင် ဖတ်ရှုနိုင်ပြီး "၁၉၄၈ခုနှစ် ဥပဒေမှတ်တမ်းများ"တွင်လည်း အထူးခုံရုံးနှင့် တရားလွှတ်တော်ချုပ်တို့၏ အယူခံကို ဖတ်ရှုနိုင်သည်။

လုပ်ကြံခံခဲ့ရသူများမှာ

ဦးအောင်ဆန်း(ဝန်ကြီးချုပ်)
ဦးဘချို(ပြန်ကြားရေးဌာနဝန်ကြီး)
မန်းဘခိုင်(အလုပ်သမားရေးရာဌာနဝန်ကြီး)
ဦးဘဝင်း(စီးပွားရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး)
သခင်မြ(ပြည်ထဲရေးဌာနဝန်ကြီး)
ဦးအဗ္ဗဒူရာဇတ်(ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး)
စဝ်စံထွန်း(နယ်ခြားဒေသများဆိုင်ရာဌာနဝန်ကြီး)
ဦးအုန်းမောင်(သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန ဒုဝန်ကြီး) နှင့်
ရဲဘော် ကိုထွေး(ဦးအဗ္ဗဒူရာဇတ်၏ သက်တော်စောင့်)[၁] တို့ဖြစ်ကြသည်။
ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွဋ်သည် ထိုစဉ်က ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော်လည်း အသက်ရှင် ကျန်ရစ်ခဲ့သည်။ မြန်မာလူမျိုးအများစုမှာ ၎င်းလုပ်ကြံမှုတွင် ဗြိတိသျှတို့သည် တစ်နည်းသို့မဟုတ် အခြားနည်းတစ်ခုခုဖြင့် ပါဝင်ပက်သက် နေသည်ဟု ယုံကြည်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် ဗြိတိသျှ ဝန်ထမ်းနှစ်ဦး ဖမ်းဆီးစစ်ဆေးခံရပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ဦးစော၏ ကိုယ်စားလှယ်အဖြစ် လုပ်ကြံမှုတွင် ထောက်ပံ့မှုနှင့် လုံလောက်သော စစ်သုံးကိရိယာများအား အဖွဲ့အစည်းအသေးအတွက် တပ်ဆင်ပေးမှုတို့ဖြင့် တရားစွဲဆိုခြင်းခံရသည်။ ၎င်းစစ်သုံး ကိရိယာအစိတ်အပိုင်းကြီးအား ဦးစော၏အိမ်ဘေးရှိ ကန်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ချက်ချင်း ပြန်လည် သိမ်းဆည်း ရရှိခဲ့ကြသည်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့်နေ့ ညနေပိုင်းမှာပင် ထိုလုပ်ကြံမှု၏ တရားခံ များဖြစ်သော ဦးစောနှင့် အပေါင်းအပါများအား ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖွဲ့စည်းပေးထားသော သောင်းကျန်းမှု နှိမ်နင်းရေးတပ် တပ်ရင်းအမှတ် (၁)မှ တပ်ခွဲမှူး ဗိုလ်သိန်းဟန်နှင့် ရဲဘော်များသည် မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄)ရှိ ဦးစောအိမ်သို့ဝိုင်းပြီး အိမ်တွင်းအိမ်ပြင် ရှာဖွေဖမ်းဆီးကာ စုံထောက် အင်စပိတ်တော် မစ္စတာဂျပ် ခေါင်းဆောင်သော ရဲအဖွဲ့လက်သို့ အပ်ခဲ့သည်။

၎င်းနိုင်ငံတော်လုပ်ကြံမှုကြီး ပြီးနောက်၊ များမကြာမီအချိန်တွင် မြန်မာပြည် ဗြိတိသျှဘုရင်ခံချုပ် ဆာ ဟာ့ဘက် ရန့်စ်သည် ဦးနုခေါင်းဆောင်သည့်ကြားဖြတ်အစိုးရအဖွဲ့အား အာဏာလွှဲပြောင်းပေးခဲ့ပြီးချိန်၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ တရားဝင်လွတ်လပ်ရေးနေ့ဖြစ်လာခဲ့သည့်ပြင် ဦးနုသည်လည်း မြန်မာပြည်၏ ပထမဆုံးသော ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ထို့နောက် ဇူလိုင်လ ၁၉ ရက်နေ့အား အာဇာနည်နေ့ဟု အမည်သမုတ်၍ ပြည်သူ့အားလပ်ရက်၊ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့အဖြစ် နှစ်စဉ်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။


မြောက်ကိုရီးယား တို့ ဗုံးဖောက်ခွဲသွားသော အာဇာနည်ဗိမာန်ဟောင်း

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်
ကိုယ်တိုင် ကိုယ်ကျ ပစ်ခတ် လုပ်ကြံ ခဲ့သူများ
ရန်ကြီးအောင် (ရဲဘော် ကိုထွေး အား ကိုယ်တိုင်ကိုယ်ကျ ပစ်ခတ် သတ်ဖြတ်ခဲ့ သလိုအစည်းအဝေး ခန်းမ အတွင်း ပစ်ခတ်မှုတွင် ပါဝင်သူ) [၂]
သက်နှင်း (ဦးဆောင် ပစ်ခတ်သူ)၊
မောင်စိုး (ဦးဆောင် ပစ်ခတ်သူ)၊
စိန်ကြီး (ပစ်ခတ်မှုတွင် ပါဝင်သူ)၊
သုခ (ကားမောင်းသူ)။
သေဒဏ် အပြစ်ပေးခံရသူများ
(အင်းစိန်ထောင် ကြိုးတိုက်တွင်)

သက်နှင်း
မှုံကြီး ခေါ် မောင်မှုန် (လုပ်ကြံမှု အစီအစဉ် တွင် ပါဝင်ပြီး ဂဠုန်ဦးစော နေအိမ် အဝိုင်းခံရမှု တွင် လက်နက် ကိုင် ဆောင်၍ ပြန်လည် ပစ်ခတ်သူ၊ ယခင် ရန်ကုန်ထောင် ကြိုးတိုက် တွင် - ယနေ့ခေတ် သူနာပြုတတ္ကသိုလ် )
စိန်ကြီး ခေါ် မောင်စိန် ခေါ် လှအောင်
ရန်ကြီးအောင် ခေါ် လှထွန်း
သေဒဏ် မှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းသို့ပြောင်းရွှေ့ကျခံရသူများ
သုခ
ခင်မောင်ရင်
မောင်နီ ခေါ် ဘိုနီ ခေါ် ဂနီ
ဈာပန အခမ်းအနား
ဗိုလ်ချုပ်အောင်ဆန်းအမှုး ပြုသော အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက်တစ်နေ့ ၁၉၄၇၊ ဇူလိုင် ၂၀ တွင်ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ ဖိုက်စကွဲယား (ယခု ဗန္ဓုလ)ပန်းခြံ၌ နိုင်ငံတော်ဈာပနဗဟိုကော်မတီဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဌ နှင့် မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဌ မြို့မ-ဦးသန်းကြွယ် သည် ကျောင်းသားနှင့်ပြည်သူတစ်သိန်းကျော်ကိုဦးဆောင်ပြီး "လူသတ်ဝါဒရှုတ်ချ ပွဲ" ကို စတင်ဦးဆောင် ကျင်းပခဲ့သည်။ ထိုနေ့သည် မြန်မာနိုင်ငံ၏ပထမဦးဆုံးအာဇာနည်နေ့ အခမ်းအနားဖြစ်သည်။ [၃][၄][၅][၆]

အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဈာပန ကျင်းပရေးကော်မတီသည် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ် များကို ပြည်သူပြည်သား အပေါင်းတို့ နောက်ဆုံးဂါရဝ ပြုနိုင်ရေးအတွက် ဇူလိုင်လ ၂၁ ရက်နေ့တွင် ရုပ်ကလာပ်များကို ရန်ကုန်မြို့၊ ဂျူဗလီဟောခန်းမသို့ ယူဆောင်လာခဲ့ကြသည်။ ဂျူဗလီဟော ခန်းမဆောင်ကြီးများ၏ တိုင်လုံးများ၊ အထက်မျက်နှာကြက်နှင့် နံရံများတွင် ရွှေရောင်ယိုးဒယား ပန်းခက်များဖြင့် ဆင်ယင်သည်။ စင်မြင့်၏အထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေပုံ ပန်းချီကား၊ ဖဆပလ၏ အလံတော်အောက်တွင် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားပေါင်းစုံတို့၏ စည်းရုံးမှု ပန်းချီကားကြီးများကို ချိတ်ဆွဲထားသည်။ ထိုပန်းချီကားချပ်ကြီးများ ရှေ့တွင် ဖဆပလ အလံတော်ကြီးနှစ်ခုကို အလျားလိုက်ချထားသည်။ ဂျူဗလီဟော ခန်းမ၏ စင်မြင့်ရှေ့၌ ရှိသော အခန်းများအနက် ရှေ့ဆုံးမှ အခန်းသုံးခန်းတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များကို ဂါရဝပြုခံရန် စီစဉ်နေရာချထားသည်။ ကျန်သော အခန်းနှစ်ခန်းကို ပရိတ်သတ်များ ဂါရဝပြုခန်းအဖြစ် သတ်မှတ်စီမံထားသည်။

စင်မြင့်၏ ရှေ့ဆုံးအလယ်တည့်တည့်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ကလာပ်ကို ရွှေချထားသော မှန်ခေါင်းဖြင့်၊ ရွှေချထားသော သလွန်ထက်၌ တင်ထားပြီး ထီးဖြူနှစ်လက်မိုး ထားသည်။ နောက်ဖက်ခြေရင်းတွင် အာဇာနည်ခေါင်းဆောင်ကြီး ငါးဦးဖြစ်သော ဦးဘချို၊ ဦးဘဝင်း၊ သခင်မြ၊ မန်းဘခိုင်၊ ဦးရာဇတ် တို့၏ ရုပ်ကလာပ်များကို ပြင်ဆင်ထားရှိ၍ ထီးဖြူတစ်လက်စီ မိုးထားသည်။ စင်မြင့်၏ လက်ယာဘက်တွင် အတွင်းဝန် အိုင်စီအက်စ် ဦးအုန်းမောင်နှင့် သက်တော်စောင့် မောင်ထွေး တို့၏ ရုပ်ကလာပ်ကို ထီးဖြူတစ်လက်စီ မိုးပေးထားသည်။ စင်မြင့်၏ လက်ဝဲဘက်တွင် မိုင်းပွန်စော်ဘွားကြီး၏ ရုပ်ကလာပ်ကို စော်ဘွားကြီး၏ အဆောင်အယောင်နှင့် အညီ သံလျင်းပေါ်၌ သလွန်တင်၍ ထီးဖြူများ မိုးထားသည်။ [၇]

နိုင်ငံတော် ဈာပန
ဈာပန ကော်မတီသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်ကို ဂျူဗလီဟောခန်းမကြီးတွင် ၆ လ ထားရှိပြီး ပြည်သူလူထု အပေါင်း၏ ဂါရဝပြု ခံယူရန်စီစဉ်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဧပြီ ၁၁ ရက်နေ့တွင် နိုင်ငံတော် ဈာပန အဖြစ် အာဇာနည်ကုန်းသို့ ပို့ဆောင်ဂူသွင်းခဲ့သည်။

ထိုနေ့အတွက် ဂုဏ်ပြုကဗျာ
အောက်ဖော်ပြပါကဗျာလေးအား ယနေ့ထက်တိုင် မြန်မာပြည်ရှိ လူမျိုးများနှုတ်တွင် ရှိနေဆဲပင် ဖြစ်သည်။ မူလတန်းကျောင်းများ၏ ကျောင်းသင်္ခန်းစာများတွင်လည်း ထည့်သွင်း သင်ကြားဆဲဖြစ်သည်။

အောင်ဆန်းဇာနည်
ဖေဖော်ဝါရီ ဆယ့်သုံး မှာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။

အာဇာနည်ဗိမာန်ဋီကာ
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်
ပါရမီဓိဌာန်တစ်မျိုးရယ်နှင့်
ရှိခိုးကာဆရာကန်တော့ချင်ရဲ့ မြန်မာမတော့ပူစရာမို့၊
တစ်ဗျူဟာအောင်ခမန်းတွင်မှ
လူမသမာ အမှောင်သန်းချိန်မို့
သောင်ကမ်းမို့မို့ဆီက ဖောင်နန်းကူးတို့နှင့်
အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့

ဪ- တောင်နန်း မြောက်နန်း၊
အဆောင်ဆောင်ကြငှန်းနဲ့ အခေါင်မမြန်းရခင်က
အောင်ပန်းညို့ရရှာတဲ့ အောင်ဆန်းတို့ သေပုံနှမြော...




အာဇာနည်နေ့
မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အထူးသဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာ့သမိုင်းတွင် မိုးမှောင်ကျခဲ့သောနေ့ ဖြစ်သည်။ ထိုနေ့တွင် မြန်မာ့လွတ်လပ်ရေးအတွက် အထိ ရောက်ဆုံး လုပ်ငန်းများကို ဆောင်ရွက်ခဲ့၍ မြန်မာ တစ်မျိုးသားလုံး၏ ယုံကြည် ကိုးစား အားထားခြင်းခံရသူ အာဇာနည်ခေါင်းဆောင်များ ဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးတို့သည် တိုင်းပြည်၏တာဝန်ကို ထမ်းဆောင်လျက်ရှိနေစဉ် နယ်ချဲ့သမား၏ ပယောဂကြောင့် ဖြစ်ပေါ်လာရသော လူသတ်ဝါဒ၏ ချေမှုန်းခြင်း ခံခဲ့ရလေ သည်။ ထိုအာဇာနည် ပုဂ္ဂိုလ်ကြီးတို့နှင့်အတူ တိုင်းပြည်၏ တာဝန်ဝတ်တရားနှင့် အမှုကိစ္စတို့ကို သစ္စာရှိစွာ ထမ်းရွက်နေ သော အတွင်းဝန် ဦးအုန်းမောင်နှင့် ကိုယ်ရံတော် မောင်ထွေး တို့လည်း ကျဆုံးခဲ့ရလေသည်။ မြန်မာတို့ ကျွန်ဘဝရောက်ခဲ့ကြရသည့် အချိန်မှစ၍ လွတ်လပ်ချိန်အထိ မြန်မာနိုင်ငံရေးသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်ကို အချစ်ဆုံးနှင့် တိုင်းပြည်က လေးစားမှုကို အခံရဆုံးခေါင်းဆောင် ကြီး ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ( အောင်ဆန်း၊ ဗိုလ်ချုပ်။)

ထိုမျှသာမက ဗိုလ်ချုပ်၏ ဇွဲလုံ့လဖြင့် ဖွဲ့စည်း အပ်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်မာ့လွတ်လပ်ရေး သမိုင်းစဉ်တစ်လျှောက် မကြုံဘူးအောင် ထူးကဲစွာ သစ္စာရှိကြ သော လူမွန်လူချွန်များသာ ဖြစ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အစိုးရတစ်ဖွဲ့လုံး၏ ဆောင်ရွက်ချက်များသည် ခေတ်လက်နက်စိုးသည့် တန်ခိုးရှင်တို့ ထိတ်လန့်ဘွယ် အောင်မြင်ခဲ့ပေသည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်း တစ်ရာ့ အစိတ်နီးပါးမျှ သူတစ်ပါးလက်အောက်ခံဘဝ၌ နယ်ချဲ့သမား တို့၏ စိုးမိုး အုပ်ချုပ် ချယ်လှယ်ခြင်းကို ခံခဲ့ရ၏။ လက်အောက်ခံဘဝမှ လွတ်မြောက်လေအောင် အမျိုးသားများ သည် သူ့ခေတ်နှင့်သူ ကြိုးပမ်းခဲ့ကြသည်။ မှန်ပေသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ခေါင်းဆောင် အပေါင်းတို့၏ ခေတ်ကာလသို့ ရောက်မှပင်လျှင် တစ်မျိုးသား လုံး၏ ညီညွတ်သော စည်းရုံးရေးဖြင့် နယ်ချဲ့သမားတို့ကို အပြီးအပိုင် တော်လှန်နိုင်ခဲ့သည်။ မြန်မာလူထုကြီးတစ်ရပ်လုံး မှာလည်း ထိုကဲ့သို့သော ခေါင်းဆောင်ကြီးများကို ရရှိနေသဖြင့် ဂုဏ်ယူ၍မဆုံးနိုင်အောင် ရှိကြပြီးလျှင် ကမ္ဘာ့နိုင်ငံကြီးများနှင့် ပခုံးချင်းယှဉ်နိုင်ခဲ့ကြ၏။ ထိုသို့ရှိစဉ် အဆိုပါ ခေါင်းဆောင်ကြီးများ၏ အောင်မြင်မှု ကို မနာလိုဝန်တိုဖြစ်လျက်ရှိကြသော နိုင်ငံရေး လူမသမာတစ်စု သည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့နံနက် ၁ဝ နာရီခွဲအချိန်ခန့်တွင် အမှတ် ၁၂ တပ်ခြငေ်္သ့ တံဆိပ်ပါသော စစ်ဝတ်စစ်စားများနှင့် လက်နက်အပြည့်အစုံစွဲသော လူသတ် သမားများအားစေလွှတ်၍ အတွင်းဝန်များရုံးဗိုလ်ချုပ်အောင်ဆန်း ၏ရုံးခန်းအတွင်း အကာအကွယ်မရှိဘဲ စည်းဝေး ဆွေးနွေး လျက်ရှိကြသော ခေါင်းဆောင်ကြီးများကို အဓမ္မဝင်ရောက် လုပ်ကြံစေလေသည်။ လူထုကြီးတစ်ရပ်လုံး၏ ချစ်ကြည်လေးစားမှုကို ယုံကြည် စိတ်ချလျက် အကာအကွယ် မစီမံဘဲ လွတ်လပ်စွာ စည်းဝေး လျက်ရှိကြသော ဝန်ကြီးများသည် ရုတ်တစ်ရက် တိမ်းရှောင် ခုခံရန် တစ်စုံတစ်ရာ မတတ်နိုင်မီ လူသတ်တို့ ဒလစပ်ပစ်ခတ် သော စက်သေနတ်ကျည်သင့်၍ အတုံးအရုံး ကျဆုံးရရှာလေ သည်။ ဤသို့လျှင် မြန်မာ့လွတ်လပ်ရေးအတွက် မျှော်လင့်ချက် အပေါင်းတို့၏တည်ရာ သစ္စာရှိလှသော ခေါင်းဆောင်ကြီးများ ရေတိမ်တွင်နစ်၍ သေဆုံးကြရသောအခါ မြန်မာတစ်မျိုးသားလုံး ကြိမ်မီးအုံး ဖြစ်ကြရလေတော့သည်။ထိုကဲ့သို့ ဝမ်းနည်းကြေကွဲ ဖွယ် အဖြစ်အပျက်မျိုးကား မြန်မာနိုင်ငံသမိုင်းတွင်သာမက ကမ္ဘာ့သမိုင်းတွင်ပင် မကြုံဖူးအောင် ထူးခြားလှပေသည်။ ခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေးခုလပ်၌ ကျဆုံးကြ ရသော်လည်း ယင်တို့ချမှတ်ခဲ့သော လမ်းစဉ်မှာ လွတ်လပ်ရေး ပန်းတိုင်အထိ ဖြောင့်ဖြူးလျက်ရှိပြီဖြစ်ရကား ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံအလုံး အချုပ်အချယ်မှ လွတ်မြောက်ခဲ့ရလေသည်။ ဤသို့လျှင် နိုင်ငံ၏အကျိုးကို အသက်စွန့်၍ သည်ပိုးသွားကြသော ကျေးဇူးရှင် ခေါင်းဆောင် ကြီးများကို လူထုကြီးတစ်ရပ်လုံးက ဝမ်းနည်းကြေကွဲစွာ ချီးကျူးဂုဏ်ပြုရန်နှင့် ယင်းတို့ချမှတ်ခဲ့သော လမ်းစဉ်အတိုင်း မမေ့မလျော့ မဖောက်မပြန် ဆောင်ရွက်ကြရန် အဓိဋ္ဌာန်ပြုသည့် အထိမ်းအမှတ်များကို နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ အမြို့မြို့အရွာရွာ၌ ကျင်းပပြုလုပ်ကြ၏။ထိုနေ့တွင် အစိုးရရုံးများ၊ ဈေးဆိုင်ကန္နားများကိုပိတ်၍ နိုင်ငံတော်အလံကို တိုင်တစ်ဝက်၌ လွှင့်ထူထားကြလေသည်။[၈]

ဆက်စပ်အကြောင်းအရာများ
ဂဠုန်ဦးစော
လွတ်လပ်ရေးနေ့
ရည်ညွှန်းကိုးကား
↑ ၁.၀ ၁.၁ ဦးအောင်ခင်၊ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်လဲ?
↑ ဒေါက်တာ မောင်မောင် ၏ နိုင်ငံတော် လုပ်ကြံ မှု ။
↑ http://wakhama.blogspot.com/2013/07/myanmars-martyr-day.html
↑ http://america.pink/burmese-martyrs-day_792165.html
↑ https://anydayguide.com/calendar/2252
↑ http://burmeseholidays.blogspot.com/p/blog-page_3.html
↑ (ဂျူဗလီဟောမြင်ကွင်း၊တိုက်စိုး)(၁၉၄၇ခုနှစ်ထုတ်ဝေခဲ့သော စာနယ်ဇင်းကောတ်နှုတ်ချက်များ)လှမြင့်၊သံတော်ဆင့်၊တ၁မ၁၈
↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
ရည်ညွန်းစာ
^ လှမြင့်၊ (ရန်ကုန်တက္ကသိုလ်)၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏နောက်ဆုံးခရီး၊ အတွဲ ၁၊ အမှတ် ၁၈၊ မြန်မာသံတော်ဆင့်၊ ၁၄-၂၀ ဇူလိုင်လ ၂၀၁၂
ပြင်ပလင့်များ
ဗိုလ်ချုပ်ကို ဘယ်သူသတ် (Youtube မှတ်တမ်းရုပ်ရှင်)။
ဆက်လက်လေ့လာရန်
ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး

Comments